Saturday, February 20, 2016

Buck Convertor

Buck Convertor

Mobile Phone Power ပေးပိုင်းနှင့် Buck Coil အရေးပါပုံ

ဖုန်းပါဝါပိုင်းမှာ Battery ကနေ ဆားကစ်တစ်ပြားလုံးနေရာအနှံ့ DC Supply ဖြန့်ဝေဖို့အတွက် အသုံးပြုထားတဲ့စနစ် ၂ မျိုးရှိပါတယ် ။PWM သုံး SMPS စနစ်နဲ့ Linear Low DropOut စနစ်တို့ ဖြစ်ပါတယ်။PWMစနစ်က စွမ်းရည်ပိုကောင်းမွန်ပေမယ့်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချဖို့အတွက် LDO စနစ်ကိုလည်းထည့်သွင်းအသုံးပြုရခြင်းဖြစ်ပါတယ်။ PWM စနစ်ကိုတော့ CPU , eMMC နဲ့ Logic Controller ပိုင်းတွေမှာ အသုံးပြုလေ့ရှိတာတွေ့ရမှာ ( ဒီထက်လည်းပိုမိုတာ ရှိနိုင်ပါတယ် တရားသေ မမှတ်စေလိုပါ )။ Power Output တစ်ခုဟာ SMPS နဲ့မောင်းထားတာလား Linear စနစ်နဲ့မောင်းထားတာလားဆိုတာ အမြင်နဲ့အကြမ်းဖျဉ်းဆုံးဖြတ်လို့ရပါတယ်။PWM စနစ်နဲ့မောင်း ထား တဲ့ Volt Output တွေမှာ Loading ပိုင်းတွေကတောင်းဆိုတဲ့ Current ကို အလျှဉ်မပြတ် အမျှင်မပြတ်ဆက်တိုက်ထုတ် ပေးနိုင်ဖို့ Flywheel ပတ်လမ်းတွေထည့်သွင်း တည်ဆောက်ထား တာတွေ့ရမှာပါ။ အများစုခေါ်ဆိုကြတဲ့ ချုပ်ကွိုင် သို့မဟုတ် Buck Coil ပါ/မပါကြည့်ပီး PWM စနစ်လား LDO စနစ်လားခွဲခြားလို့ရပါတယ် ။ ဒီနေရာမှာ Switching Mode Supply အကြောင်းနည်းနည်းပြောဖို့လိုလာပါပီ ။ အဝင် DC ကို ခလုပ်နဲ့အဖွင့်အပိတ်ပုံစံမျိုးထိန်းချုပ်ပီး အထွက်မှာ မိမိလိုအပ်တဲ့ ဗို့ထွက်ရှိလာအောင် မောင်းနှင်တဲ့စနစ်ကို SMPS လို့ခေါ်ပါတယ် ။ SMPS စနစ်ရဲ့အားနည်းချက်တစ်ခုမကရှိပါတယ်။ အဲ့ဒီထဲကကျနော်တို့နဲ့လတ်တလော သက်ဆိုင်တဲ့ ကိစ္စကိုပြောပါမယ် ။ CPU တွေ eMMC တွေဟာ လုံးဝ တစ်သတ်မတ်တည်းဖြစ်နေတဲ့ Voltage နဲ့ Current ရရှိမှ အလုပ်လုပ်ရတာတည်ငြိမ်ပါတယ်။ SMPS ပတ်လမ်းတွေက ထုတ်ပေးတဲ့ Current က Switching Transistor ရဲ့ OFF အခြေအနေမှာ ရုတ်တရက်ထိုးကျသွားပါတယ် ။ အဲ့ဒီအခြေအနေကိုထိန်းချုပ်ဖို့ Output မှာ Filter Condenser ခပ်ကြီးကြီး ထည့်သွင်း ပေးဖို့ လိုလာပါတယ် ။ ဒါတောင် မသေချာပါဘူး ။ မိုဘိုင်းဖုန်းတွေကို သေးနိုင်သမျှသေး ကျစ်နိုင်သမျှ ကျစ်လစ်အောင်တည်ဆောက်ဖို့ကြိုးစားလာချိန်မှာCondenser အလုံးကြီးကြီးထည့်ဖို့မဖြစ်နိုင်ပါဘူး ။ နောက်ပီး စနစ်ကိုလည်း အဲ့ပုံစံနဲ့ထိန်းချုပ်လို့မတည်ငြိမ်ပါဘူး ။ ဒီတော့ PM IC ထုတ်လုပ်တဲ့ Company တွေအနေနဲ့ Switching Transistor ရဲ့ OFF အခြေအနေမှာ CPU , eMMC တွေကို Current လုံလုံလောက်လောက် ပံ့ပိုးနိုင်ဖို့ Buck Convertor စနစ်ကို အသုံးပြုပြီးဖြေရှင်းကြပါတယ်။ Buck Convertor ပတ်လမ်းမှာ Flywheel Circuit ဖြစ်တဲ့ Diode တစ်လုံး Inductance Coil တစ်ခု နဲ့ Filter Condenser တစ်လုံးပဲ ပါဝင်ပါတယ် ။ အောက်ပါပုံကိုကြည့်ပါ ။
Flywheel
PMIC ရဲ့ ON အခြေအနေမှာ အိုင်စီက CPU , eMMC တို့ လိုအပ်တဲ့ Current ကို ထုတ်ပေးပါတယ် ။ တစ်ချိန်တည်းမှာပဲ Main Filter Condenser ကို အားသွင်းခြင်းလည်း ပြုလုပ်ပါတယ်။ နောက်ထပ်တစ်ပြိုင်နက်တည်းမှာ Current က Series ဆက်ထားတဲ့ Buck Coil ကို ဖြတ်စီးတဲ့အတွက် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပါတယ်။
PMIC ON
PMIC ရဲ့ OFF အခြေအနေမှာတော့ PMIC ရဲ့အထွက်မှာ 0 V ဖြစ်သွားပါတယ်။ အဲ့ဒီအခြေအနေမှာ PMIC နဲ့ Load ကြားထဲမှာ series ခံထားတဲ့ Buck Coil မှာသိမ်းဆည်းထားတဲ့ Magnetic Energy ကို Electrical Energy အနေနဲ့ ပြန်ထုတ်လွှတ်ပေးပါတော့တယ်။ အဲ့ဒီအခြေအနေမှာပဲ Diode ကို ဖြတ်စီးပီး Ground ဘက်မှာ Negative Charge ကိုဖြစ်ပေါ်စေပါတယ်။
Buck Convertor PMIC OFF
ဒီနည်းအားဖြင့် Load အတွက် လိုအပ်တဲ့ Current ကိုဆက်လက်ပေးသွင်းခြင်းဖြင့် ပတ်လမ်းကို ဟန်မပျက်ဆက် လက်လည်ပတ်စေပါတယ်။
ဒီိလိုပုံစံပတ်လမ်းတွေကို PMIC အထွက်လမ်းကြောင်း နဲ့ DC-to-DC Convertor ပတ်လမ်း အချို့မှာ တွေ့ရှိနိုင်ပါတယ်။ ဒီတော့ အဲ့ဒီ ပါဝါအိုင်စီရဲ့အထွက်က Coil လေးတွေရဲ့အရေးပါပုံကို အနည်းငယ်မျှသိရှိပီလို့ ယူဆပါတယ် ။ Power IC အထွက်မှာ short ကျ / မကျ စစ်ဆေးပီးချိန်မှာ အဲ့ဒီကွိုင်လေးတွေကို သေချာစနစ်တကျ သူ့နေရာနဲ့သူ ပြန်တပ်ပေးဖို့ အထူးအရေးကြီးလှပါတယ် ။
 Credit -http://mppgmyanmar.com

No comments:

Post a Comment